ဤစာကို အဆုံးထိဖတ်ရှုပြီးမှသာ အမှားအမှန်ကိုဆုံးဖြတ်ပါ။
စကားချီး
သမိုင်းသည် ဖြစ်ရပ်မှန်များပေါ်တွင်သာ အခြေခံရမည်ဖြစ်ပြီး၊ စိတ်ကူးယဉ် ထင်မြင်ချက် များဖြင့် ပုံဖော်ရေးသားခြင်းမပြုသင့်ပါ။ မလေးရှား ဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ စတင်ဖြစ်ပေါ်လာ ပုံကို အဖြစ်မှန်အတိုင်း ထုတ်ဖော်ရေးသားရန် ရည်ရွယ်ပါသည်။ ဤရေးသားမှုတွင် သမိုင်းမှန်ကို ထိန်းသိမ်းရန်မှလွဲ၍ အခြားရည်ရွယ်ချက်မရှိပါ။ ဒိုင်ရ်လူမျိုးများ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်သာ ဆန္ဒပြုပါသည်။
ဤရေးသားချက်ကို အစအဆုံး သေချာဖတ်ရှုစေလိုပြီး၊ ဖတ်ရှုပြီးနောက် သိလိုမေးမြန်းလိုသည့် အကြောင်းအရာများရှိပါက ကျေးဇူးပြု၍ မေးမြန်းရန် မေတ္တာရပ်ခံပါသည်။ အကယ်၍ စာအရေး အသား၊ စားလုံးပေါင်းအမှားများပါရှိခဲ့ပါက ၎င်းတို့သည် စာရေးသူ၏ အမှားသာဖြစ်ကြောင်း ကြိုတင် မေတ္တာရပ်ခံပါသည်။
ဒိုင်ရ်ခရစ်ယာန်မိဿဟာယ (မလေးရှား) စတင်ချိန်က လူအင်အား၊ ငွေအင်အား၊ အကြံဉာဏ် များဖြင့် ပံ့ပိုးထောက်မခဲ့သူများအားလုံးကို ဤနေရာမှ ကျေးဇူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြပါသည်။ သို့သော် နာမည်များနှင့် လုပ်ဆောင်မှုအသေးစိတ်ကို ထည့်သွင်း ရေးသားခြင်း မပြုထားသည်ကို နားလည်ပေးစေလိုပါသည်။ လိုအပ်သည့်အချက်များကိုသာ လိုအပ် ချက်အရ ထည့်သွင်းရေးသားထားပါသည်။
မလေးရှားနိုင်ငံ၌ ဒိုင်ရ်ခရစ်ယာန်မိဿဟာယ စတင်ဖြစ်ပေါ်လာခြင်း
၂၀၀၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင်ဖြစ်သည်။ စာရေးသူ( ဆရာမနားချိုင်နှင့် ဆရာလိန်းဆော) တို့ မှ ဦးဆောင်ပြီး “Daai Christian Fellowship” အမည်နာမဖြင့် ပထမဦးဆုံး ကော်မတီကို ဖွဲ့စည်းခဲ့ ကြသည်။ နေရာမှာ ဆရာလိန်းဆော နှင့် အဖွဲ့ ငှါးရမ်းနေထိုင်ခဲ့ကြသော Jalan Pudu/Majestic အိမ်ခန်း ငယ်လေးတွင်ဖြစ်၏။
ဤကော်မတီဖွဲ့စည်းခြင်းမတိုင်မီ၊ စာရေးသူတို့ မတွေ့ဆုံမီအချိန်ကတည်းက Daai လူမျိုးများအတွက် လုပ်ဆောင်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ နှစ်ဦးသား အကြိမ်ကြိမ် ဆွေးနွေးနေတာ အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်းမစတင်ခင်တွင် ပင် လက်ဖက်ရည်ဆိုင်၌ ထပ်မံ တွေ့ဆုံဆွေးနွေး ပြီး၊ အိမ်သို့ပြန်ရောက်သောအခါ အိမ်၌ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ပြီး ကော်မတီဖွဲ့စည်းကာ အစပြုခဲ့ ကြသည်။
ဤဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ စတင်ဖြစ်ပေါ်လာမှုသည် ရုတ်တရက် သို့မဟုတ် ကောက်ကာ ငင်ကာ ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ပါ။ ဆုတောင်းခြင်း၊ အစီအစဉ်ရေးဆွဲခြင်းနှင့် ပြင်ဆင်မှုများဖြင့် စနစ်တကျ စတင်လာခဲ့ခြင်းဖြစ်သည်။
ထိုနေ့ညတွင် ပထဦးဆုံး ကော်မတီဝင်များအား အောက်ပါအတိုင်းဖွဲ့စည်းခဲ့ကြပါသည်။
- ဥက္ကဌ – ဆရာမနားချိုင်
- အတွင်းရေးမှူး – ဆရာလိန်းဆော
- ဘဏ္ဍာရေးမှူး – ကို ချိုင်ယော
- အဖွဲ့ဝင် – ဦးလိန်ဟုန်းထန်း
- အဖွဲ့ဝင် – ကိုထန်းလုံ
- အဖွဲ့ဝင် – ဦးလွှီကီး
- ကိုရွှီရှင်း – တို့ဖြစ်ကြသည်။
Daai Christian Fellowship in Malaysia ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ နှင့် ဆောင်ပုဒ်။
ရည်ရွယ်ချက်များ
- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် – မလေးရှားနိုင်ငံရှိ ဒိုင်ရ်လူမျိုးများ စုပေါင်း၍ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးရန်။
- အချင်းချင်း ချိတ်ဆက်မှု မြှင့်တင်ရန် – မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဒိုင်ရ်လူမျိုးများ တစ်ဦးနှင့်တစ်ဦး သိရှိရင်းနှီးပြီး အပြန်အလှန် ထောက်ပံ့ကူညီနိုင်သည့် အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရန်။
- ဧဝံဂေလိ ဟောပြောရန် – ဒိုင်ရ်လူမျိုးများအား ဧဝံဂေလိသတင်းစကားကို မျှဝေပြီး ယုံကြည်ခြင်းဆီသို့ လမ်းညွှန်ရန်။
- လူမှုကူညီထောက်ပံ့မှု – လူမှုရေး၊ သာရေး၊ နာရေး၊ ဖမ်းဆီးခံရမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသူများအား တတ်နိုင်သလောက် အကူအညီပေးရန်။
- မိခင်နိုင်ငံအတွက် ပံ့ပိုးကူညီရန် – ဒိုင်ရ်လူမျိုးများ စုစည်းညီညွတ်ပြီး မြန်မာနိုင်ငံရှိ ကျွန်ပ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီနိုင်စေရန်။
- ဝတ်ပြုရာနေရာ စီမံရန် – ဘုရားကျောင်းဝတ်ပြုကိုးကွယ်မှု့အတွက် သင့်လျော်သော နေရာတစ်ခု ငှားရမ်းနိုင်ရန် စီစဉ်ရန်။
ရည်မှန်းချက်များ
- ခိုင်မာသော အဖွဲ့အစည်းတည်ဆောက်ရန် – မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ဒိုင်ရ်လူမျိုးများကို ချိတ်ဆက်စုစည်းပြီး၊ အခြားတိုင်းရင်းသားလူမျိုးစုများနှင့် ရင်ဘောင်တန်းနိုင်သည့် ခိုင်မြဲ တည်တံ့သော အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန်။
- ခေတ်မီတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်ရန် – ဒိုင်ရ်လူမျိုးများသည် ခေတ်ရေစီးကြောင်းနှင့် အညီ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးအရ ရှင်သန်တိုးတက်ပြီး တက်ကြွစွာ လှုပ်ရှားနိုင်ရန်။
ဆောင်ပုဒ်
- ဆာလံ၊ ၁၁၉း၁၀၅ “ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”
ထို့နောက် ဒိုင်ရ်ဟု ရပ်တည်ရန် ဆန္ဒပြင်းပြနေကြသော မတူပီဖက်က ညီအစ်ကိုများ နှင့် ဆုံကြရာ တွင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်မှ ဒိုင်ရ်လူမျိုးများ စုပေါင်းအစည်းအဝေးကို ဆရာတင်လှောင်း ငှါးရမ်း နေထိုင်ခဲ့သော Jalan Imbi အိမ်ခန်းတွင် သြဂုတ်လ(၁၃)ရက်၊ ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့ကြပြီး၊ ပိုမိုကျစ်လစ်သော အဖွဲ့အစည်းကို အောက်ပါအတိုင်း ထပ်မံပြန်လည် ဖွဲ့စည်းခဲ့ ကြသည်။
1. ဥက္ကဌ – ဆရာတင်လှောင်း (အွမ်ဆွယ်ကျေးရွာ၊ မတူပီမြို့နယ်)
2. ဒု-ဥက္ကဌ – ဆရာမနားချိုင် (မကွီးအိမ်နူးကျေးရွာ၊ မင်းတပ်မြို့နယ်)
3. အတွင်းရေးမှူး – ဆရာလိန်းဆော (ဒိုင်ရ်လှိမ္မဆန်ကျေးရွာ၊ မင်းတပ်မြို့နယ်)
4. တွဲဖက်အတွင်းရေးမှူး – ဆရာဇွန်လျန်း (ချန်းပြန်းကျေးရွာ၊ မတူပီမြို့နယ်)
5. ဘဏ္ဍာရေးမှူး (၁) – ကိုဟာချွဲထန်း (ချိုင်အိမ်နူးကျေးရွာ၊ မင်းတပ်မြို့နယ်)
6. ဘဏ္ဍာရေးမှူး (၂) – ကိုလျန်ကုန်း (ဟာတူးကျေးရွာ၊ မတူပီမြို့နယ်)
7. အဖွဲ့ဝင် – ဦးဇာလှောင်း (ချန်းပြန်းကျေးရွာ၊ မတူပီမြို့နယ်)
8. အဖွဲ့ဝင် – ကိုထန်းလုံ (အောက်ရင်းကျေးရွာ၊ ကန်ပက်လက်မြို့နယ်)
9. အဖွဲ့ဝင် – ဦးစန်မ (ဟာတူးကျေးရွာ၊ မတူပီမြို့နယ်)
ဆုံးဖြတ်ချက်များ
1. ဆရာမနားချိုင်မှ ဝိညာဉ်ရေးဦးဆောင်မှုကို တာဝန်ယူရန်။
2. ပလက်ဝမြို့နယ်မှ ဒိုင်ရ်လူမျိုးများကို စုံစမ်းဆက်သွယ်ပြီး ပါဝင်လာစေရန်။
3. မလေးရှားအတွင်း ဒိုင်ရ်လူမျိုးများရှိရာ နေရာများသို့ စည်းရုံးရေးနယ်ဆင်းရန်။
အထက်ပါ အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း တတ်နိုင်သမျှ ဒိုင်ရ်လူမျိုးနေထိုင်ရာ နေရာအနှံ့ နယ်ဆင်းစည်းရုံးခဲ့ကြသည်။ ထိုချိန်၌ မြို့တော်ကွာလာလုမ်ပူမြို့တွင် ဖွဲ့စည်းခဲ့သော “Daai Christian Fellowship” အဖွဲ့အစည်းမှလွဲ၍ တစ်ခြားမည်သည့်ဒိုင်ရ်အဖွဲ့အစည်းမျှ မလေးရှား နိုင်ငံတွင် မရှိခဲ့ပါ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဒိုင်ရ်အဖွဲ့အစည်း ရှိကြောင်းကို ဖွင့်ဟပြောဆိုသူ လည်း မရှိခဲ့ပါ။ အကယ်၍သာ “Dai” နှင့်ဖြစ်စေ၊ “Daai” နှင့် ဖြစ်စေ (“a” တစ်လုံးနှင့်ဖြစ်စေ၊ “aa”နှစ် လုံးနဲ့ ဖြစ်စေ) ဖွဲ့စည်းနှင့်ပြီးသော ဒိုင်ရ်အဖွဲ့အစည်းသာရှိခဲ့ပါက ကျွန်ပ်တို့ကိုယ်တိုင်လည်း ဝမ်းမြောက် ဝမ်းသာစွာဖြင့် ထိုအဖွဲ့အစည်းတွင် ပါဝင်ကြမည်သာ ဖြစ်သည်။
မလေးရှားနိုင်ငံ ဒိုင်ရ်ခရစ်ယာန်မိဿဟာယသည် ကွာလာလုမ်ပူမြို့တော်တွင် အစည်းအဝေး များ မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျ ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ပြီး၊ ၎င်းခေါင်း ဆောင်များမှ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို တိတိကျကျ တာဝန်ယူ ဦးဆောင်ပေးခြင်းဖြင့် စတင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဒိုင်ရ်လူဦးရေ နည်းပါးသေးသော်လည်း ဦးဆောင် ကော်မတီကို ကျစ်လစ်စွာ (၂) ကြိမ်တိုင်တိုင် ဖွဲ့စည်းပြီးမှ တိကျရှင်းလင်းစွာ စတင်ရပ်တည်လာခဲ့ကြ သည်။ နောက်ပိုင်းတွင် ပလက်ဝမြို့နယ်မှ ဒိုင်ရ်ညီအစ်ကိုများ ပါဝင်လာပြီး၊ ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် (၄) ခုမှ ဒိုင်ရ်လူမျိုးများ စုစည်းပါဝင်သည့် မိဿဟာယအဖြစ် ဆက်လက် ရပ်တည်လာခဲ့သည်။ ခေါင်းဆောင်များ၏ နယ်ဆင်းစည်းရုံးမှု၊ ဒိုင်ရ်လူထု၏ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှု နှင့် ပေးကမ်း လှူဒါန်းမှုများကြောင့် ဤမိဿဟာယသည် ခိုင်ခံ့စွာရပ်တည်နိုင်ခဲ့သည်။ အထူးသဖြင့် ကင်မရွန်ဟိုက် လင်း၌ စိုက်ပျိုးရေးခြံများတွင် လုပ်ကိုင်နေထိုင်သည့် အဓိက (၄၉) နှင့် ကျန်စိုက်ပျိုးရေးဒေသမှ ညီအစ်ကိုများ၏ ထောက်ပံ့မှုများကိုလည်း အသိအမှတ်ပြုပါသည်။
စိုက်ပျိုးရေး ( ကင်မရွန်ဟိုင်းလန်းသို့) ခရီးဆက်ခြင်း
မလေးရှား ဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်အညီ ခေါင်းဆောင် များသည် အဖွဲ့အစည်းစတင်သည်နှင့် မိမိငွေအားလုပ်အားကို အသုံးပြုကာ ခြေဆန့်ကြတော့သည်။ ဒိုင်ရ်လူမျိုးများရောက်ရှိနေသည်ဟု သိရသောနေရာအသီးသီးသို့ ဖုန်းဆက်သွယ်လျက် ခက်ခက်ခဲခဲ သွားရောက်တွေ့ဆုံခဲ့ကြသည်။ ထိုချိန်ထိုအခါက ဒိုင်ရ်လူမျိုးများသည် စိုက်ပျိုးရေးဖက်တွင်သာ ရောက်ရှိနေထိုင်ခဲ့ကြသည်။ မြို့ပေါ်တွင်မရှိသလောက်ပင် လူနည်းပါးသည်။
ဤသို့နှင့် ဒိုင်ရ်လူမျိုးအများဆုံး အလုပ်လုပ်ရာနေရာဖြစ်သော စိုက်ပျိုးရေး (၄၉)၊ Tringkap ဖက်သို့ ခရီးဆက်ကာ နယ်ဆင်းသွားကြသည်။ ပထမဦးဆုံးခရီးစဉ်တွင် ဒိုင်ရ်ခရစ်ယာန်မိဿဟာယ အဖြစ် ရပ်တည်ရန် သွားရောက် နှိုးဆော်ခဲ့ကြသည်။ သို့သော် အောင်မြင်မှု့မရ၊ ငြင်းပယ်ခံရပြီး ပြန်လှည့် လာခဲ့ကြသည်။ စောင့်ကြည့်နေပါဦးမည်ဟူ၍သာ အပြောခံခဲ့ကြရသည်။ ထိုအချိန်တွင် မင်းတပ်ချိုး (မင်းတပ်အဖွဲ့အစည်း) တွင်သာပါဝင်ခဲ့ကြသည်။ သာရေးနာရေးကိစ္စဆောင်ရွက်ရာတွင် CCF (Chin Christian Fellowship) တွင်ပါဝင်ရန် ပြောဆိုခဲ့ကြသည်။ ထိုစိုက်ပျိုးရေးခြံ (၄၉) အစည်းအဝေးတွင် “Dai Christian Youth Fellowship” ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း နှင့် ကော်မတီရှိကြောင်း မည်သူတစ်ဦး တစ်ယောက်ကမှ ထွက်ဆိုပြောပြခြင်းမျိုး မရှိခဲ့ပါ။
ဒုတိယခရီးစဉ် သွားရောက်ခဲ့ကြပြန်သည်။ ထိုခရီးစဉ်တွင် ဦးကီးနိုင်း ( ယခု Michigan, USA) အလုပ်လုပ်သည့် အမိန်းခြံတွင် ညဝတ်ပြုအစည်းအဝေးပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအားဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ဦးကီးနိုင်း၏ ခြံအသီးသီးတွင် အလုပ်လုပ်သော ဒိုင်ရ်လူမျိုးအများကို လိုက်ခေါ် ပေးခြင်းကြောင့် အများစု ရောက်လာခဲ့ကြသည်။ Daai Christian Fellowship ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များချပြ ဟောပြောစည်းရုံးခဲ့ကြပါသည်။ သဘောတူရန်၊ ဆုံးဖြတ်ရန် အများက တွေဝေနေကြသည်။ နောက်ဆုံးတွင် အသက်ကြီးပိုင်းလည်းဖြစ်၊ လေးစားရသောသူလည်း ဖြစ်သည့် ဦးကီးထုန် မှမတ်တပ်ထရပ်လျက် “ဤမျှလောက် အပင်ပန်းခံ၊ ငွေကုန် ကြေးကျခံပြီး လာရောက်စည်းရုံးတာ၊ ကိုယ့်လူမျိုးလည်း ဖြစ်တယ်ဆိုတော့ သဘောတူကြရအောင် လား၊ ပါဝင်ကြရအောင်လားဗျာ’’ ဟုမျှသာ ပြောလိုက်ရာတွင် ထိုနေ့ညတွင် အားလုံးသဘောတူပါဝင် လာခဲ့ကြသည်။
Fellowship ၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ခရစ္စမတ်ပွဲတော်များ
ပထမအကြိမ်မြောက် – ၂၀၀၅ ခုနှစ်
မလေးရှားရောက် ဒိုင်ရ်လူမျိုးများသည် အတူတကွ စုစည်းမိလာကြသောအခါ ၂ဝဝ၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ခရစ္စမတ်ပွဲတော်ကြီးကို ပထမဦးဆုံး ကျင်းပရန်ပြင်ဆင်နေကြသည်။ Fellowship ကိုအစပြုလာကြသော ခေါင်းဆောင်များသည် မြို့ပေါ်ရှိ ဒိုင်ရ်လူမျိုးတို့ကို ခေါ်ဆောင်သွား ကာ Kuala Lumpur မြို့မှ ဒိုင်ရ်လူမျိုးအများစု အလုပ်လုပ်ရာနေရာ စိုက်ပျိုးရေးသို့ ခရစ္စမတ် ပွဲတော်ကျင်းပရန်နှင့် နှစ်ပတ်လည်အစည်းအဝေးကြီးပြုလုပ်ရန် သွားရောက်ခဲ့ကြပါသည်။ ဒီဇင်္ဘာ ၂၄ ရက် ၂၀၀၅ ခုနှစ်တွင် Fellowship ၏နှစ်ပတ်လည်အစည်းအဝေးအား ပြုလုပ်ကျင်းပခဲ့ကြပြီး လာမည့် ၂၀၀၆ ခုနှစ်၏ အလုပ်အမှု့ဆောင်များကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြရာ အောက်ပါအတိုင်း ဖြစ်သည်။
- ဥက္ကဌအဖြစ် – ဆရာဇွန်လျန်း၊
- အတွင်းရေးမှူးအဖြစ်– ဆရာလိန်းဆော၊ နှင့် ကျန်ခေါင်းဆောင်များ အသီးသီးကို ရွေးချယ် တင်မြှောက်ခဲ့ကြပါသည်။ ဝိညာဉ်ရေးရာ ဦးဆောင်သော သင်းအုပ်ဆရာအဖြစ် ဆရာမနားချိုင် သည်လည်း ဆက်လက်ဦးဆောင်သွားရန်သဘောတူဆုံးဖြတ်ခဲ့ကြသည်။
နောက်နေ့ ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ဦးလူးလိန် ( Washington state, USA ) တို့မှ တိုင်ခံ၍ သူအလုပ်လုပ်သောခြံ (၄၉-မိုင်)တွင်အယောက် ၁၃ဝ ခန့်တို့သည် စည်ကားသိုက် မြိုက်စွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ကြပါသည်။ ဤသည်မှာ မလေးရှား ဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ ဦးဆောင်မှုဖြင့် ပထမဆုံးပြုလုပ်သော ခရစ္စမတ်ပွဲတော်ကြီးပင် ဖြစ်ပါသည်။
ဒုတိယအကြိမ်မြောက် -၂၀၀၆ ခုနှစ်
၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်ညတွင် ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေးကြီး ပြုလုပ်ခဲ့ကြပြီး၊ လာမည့် နှစ် ၂၀၀၇ ခုနှစ်၏ အလုပ်အမှု့ဆောင် ခေါင်းဆောင် သစ်များအား အောက်ပါ အတိုင်း ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။
- ဥက္ကဌ – ဆရာဇွန်လျန်း
- အတွင်းရေးမှူး– ဆရာလိန်းဆော တို့အား အများသဘောတူဆုံးဖြတ်ချက်အတိုင်း ဆက်လက် အတည်ပြုလျက်၊ ကျန်ခေါင်းဆောင်များ အသီးသီး တို့ကိုလည်း ရွေးကောက်တင်မြှောက်ခဲ့ ကြပါသည်။
နောက်နေ့ (၂၅)ရက်တွင် ကိုကီးနိုင်းတို့၏ တိုင်ခံပေးခြင်း ဖြင့် မလေးရှား ဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ ဒုတိယအကြိမ်မြောက် ခရစ္စမတ်ပွဲတော်ကြီးကို စည်းကား သိုက်မြိုက်စွာ နှင့် အောင်မြင်စွာ ပြုလုပ် နိုင် ခဲ့ကြပါသည်။ မလေးရှား ဒိုင်ရ်ခရစ်ယာန် မိဿဟာယ၏ နှစ်ချုပ်အစည်းအဝေးကြီး နှင့် ခရစ္စမတ်ပွဲ တော်ကို နှစ်စဥ် ဒီဇင်္ဘာလ (၂၄/၂၅)ရက်တို့တွင် ပူးတွဲကျင်းပ လေ့ရှိသည်။
တက်ကြွလှုပ်ရှားဒိုင်ရ်လူမျိုးများ
ထိုသို့ ဒိုင်ရ်ခရစ်ယာန်မိဿဟာယအဖြစ် အတူတကွ ပူးပေါင်းခဲ့ကြပြီးနောက်တွင် ကျွန်ပ်တို့ ခေါင်းဆောင်များသည်လည်း KL နှင့်အလှမ်းဝေးသည့်နေရာဒေသများသို့ ကြိုးစားသွားရောက်ခဲ့ကြပါ သည်။ သွားရောက်ဆုတောင်းပေးခြင်း၊ ဧဝံဂေလိဟောကြားခြင်းနှင့် ကိုးကွယ်ဝတ်ပြုခြင်းများ ပြုလုပ်ပေး ခဲ့ကြသည်။ နာရေးကြုံတွေ့မှု့များ၊ အဖမ်းအဆီးကြုံလာရချိန်များတွင်လည်း မိမိလက်ရှိ အလုပ်အား ထားခဲ့၍ ညနက်သန်းခေါင်အချိန်မှာပင် ထသွားခဲ့ကြရသည်ကို သတိရမိပါသည်။
စိုက်ပျိုးရေးဖက်တွင် တစ်ဖြေးဖြေး လူများလာသည်။ ဒုက္ခတွေလည်းများလာသည်။ သူတို့ထံ ရောက်တိုင်း မြို့ပေါ်တက်၍ အလုပ်ရှာကြရန် မနည်းဆွဲခေါ်စည်းရုံးခဲ့ရသည်။ အမှန်တွင် မြို့ပေါ် KL တွင် Fellowship စတင်ခဲ့သော်လည်း ဝတ်ပြုသူမှာ အယောက် နှစ်ဆယ်ပင်မပြည့်ခဲ့ချိန်များရှိခဲ့ပါသည်။ သို့သော် အားမလျှော့ကြပါ။ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကိုလက်ကိုင်ထားကြသည်။ ဒိုင်လူမျိုးအများစု သည် စိုက်ပျိုးရေးဖက်တွင် နေကြသော်လည်း fellowship ဆက်လက်ရပ်တည်နိုင်ရန် ငွေအင်အားဖြင့် ထောက်မကြသည်ကို ငြင်း၍မရချေ။ ဝတ်ပြုဆောင်အခန်းငှါးရမ်းရန် လိုအပ်သောငွေကြေး၊ နာရေး ကြုံရချိန်လိုအပ်သော ငွေကြေးများ ပံ့ပိုးထောက်မကြပါသည်။ ထိုချိန်တွင် fellowship ၏ အမည်နာမ နှင့်ပတ်သက်၍ မည်သူမျှတစ်ခွန်းတစ်လေ ပြောဆိုခြင်း၊ ငြင်းခုံခြင်းမရှိဘဲ မျိုးချစ်စိတ်အပြည့်နှင့်သာ လက်တွဲလုပ်ဆောင်ခဲ့ကြပါသည်။ ခေါင်းဆောင်များ၏ ပါဝင်လုပ်ဆောင်သော စိတ်သဘောထား ပြည့်၀ခြင်းအား ဂုဏ်ယူမိပါသည်။
ဓါတ်ပုံမှတ်တမ်းတွင်မြင်နေရသည့် Daai နှင့် Dai ရှင်းလင်းချက်
၂၀၀၅ခုနှစ်၊ ဇွန်လ (၂၆)ရက်တွင် ဆရာလိန်းဆော နှင့် အဖွဲ့ငှါးရမ်းနေထိုင်ခဲ့ကြသော Jalan Pudu/Majestic အိမ်ခန်းငယ်၌ “Daai Christian Fellowship” အမည်နာမဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။ ထိုအဖွဲ့အစည်း နာမည်ဖြင့် ဆက်လက်ကြိုးစား လှုပ်ရှား ကြရင်း ဒိုင်ရ်လူမျိုးများ၏ စုပေါင်းအိမ် KL မြို့ပေါ်တွင်လိုအပ်လာသဖြင့် “Pudu Plaza” (၇)လွှာတွင် ဆရာလိန်းဆော နှင့် ဆရာမနားချိုင်တို့၏ နာမည်ဖြင့် စုပေါင်းအိမ်ကို ငှါးရမ်းခဲ့ကြပါသည်။ ၎င်း “Pudu Plaza” (၇)လွှာအိမ်ခန်းတွင် မတူပီဖက်က ညီအစ်ကိုများ (၄/၅) ယောက်ခန့်နှင့် ‘ဒိုင်ရ်ခရစ်ယာန် မိဿဟာယ၏ ပထမဦးဆုံး တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်ကို စင်တင်ဘာလ(၂၅)ရက်၊ ၂၀၀၅ ခုနှစ်တွင် စတင်ပြုလုပ်နိုင်ခဲ့ကြပါ သည်။ “Lai Christian Fellowship (Falam)” ဘုရားကျောင်းကို အသုံးမပြုခင်အထိ တနင်္ဂနွေနေ့ တိုင်း “Daai Christian Fellowship” နာမည်ဖြင့် “Pudu Plaza” (၇)လွှာတွင်သာ ကိုးကွယ်ဝတ် ပြုခဲ့ကြပါသည်။ တစ်ခါတစ်ရံ ဆရာလိန်းကီး မြန်မာဘုရားကျောင်းတွင် သွားရောက်ပါဝင်ခဲ့ကြပါသည်။
“Daai Christian Fellowship” ဟု စတင်ခဲ့သော်လည်း၊ အချို့အချိန်များတွင် “Dai” ဟု အသုံး ပြုခဲ့သည့်အခါများ ရှိခဲ့သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘုရားကျောင်းအဆောင် ငှားရမ်းနိုင်ခြင်း မရှိသေး သဖြင့် “Lai Christian Fellowship (Falam)” ဘုရားကျောင်းတွင် တနင်္ဂနွေနေ့တိုင်း ဝတ်ပြု ကိုးကွယ်ခွင့်ရခဲ့သည်။ ထိုဘုရားကျောင်းပိုင်ရှင်များမှ “Lai Christian Fellowship” စာတမ်းကို ပြင်လို့ မရအောင် လှပစွာ အပြီးသတ်တပ်ဆင်ထားသည်။ ထို့ကြောင့် “L” ကို “D” အဖြစ် အလွယ်တကူ ပြောင်းလဲရန်၊ အဖြူရောင်ကတ်ထူပြားကို လက်ညှိုးကွေးခန့်အရွယ် ကပ်ကြေးဖြင့် ညှပ်ကာ “Lai” ကို “Dai” ဟု ဖတ်နိုင်အောင် ယာယီပြုလုပ်ခဲ့သည်။ “Daai” (aa-နှစ်လုံး) ဟု ရေးသားရန် လုံးဝအဆင် မပြေသဖြင့် “Dai” ကို ယာယီအသုံးပြုခဲ့ခြင်းဖြစ်သည်။ ဒိုင်ရ်ခရစ်ယာန်မိဿဟာယ၏ ဖွင့်ပွဲအခန်းအနားကို အစပြုခဲ့သောအမည်နာမ မဟုတ်သော်လည်း ”Dai” နာမည်ဖြင့် အဆင်ပြေသလို ထိုဘုရားကျောင်းတွင်သာ ဒီဇင်ဘာလ (၁၇)ရက်၊ ၂၀၀၅-ခုနှစ်တွင် ကျင်းပခဲ့ကြသည်။ ထိုအချိန် “a”တစ် လုံး၊ “aa”နှစ်လုံးကို ဘယ်သူကမှ ငြင်းခုံစရာဟု မထင်ခဲ့ကြပါ။ ထိုနည်းတူစွာပင် စိုက်ပျိုးရေး ၌လည်း “Dai” ‘ဒိုင် “a”တစ်လုံးနှင့် ခရစ္စမတ်ပွဲပြုလုပ်ခဲ့ကြသည်။
ကိုယ်ပိုင်ဘုရားကျောင်းဆောင် ငှားရမ်းပြီးနောက် “Lai Christian Fellowship – Falam” ဘုရားကျောင်းမှ ထွက်ခွာလာချိန်မှစ၍ ဘုရားကျောင်းနောက်ခံစာတမ်းကို “Daai Christian Fellowship” ဟု တိကျစွာ ပြန်လည်ရေးသားအသုံးပြုခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် Rev. Bang Xung ၏ သင်းအုပ်အဖြစ် အမှု့တော်ဆောင်ချိန်ကာလတွင် “Dai Christian Fellowship” ဟု ပြောင်းလဲလိုက်ကြသည်။ ထိုအချိန်က အစပြုတည်ထောင်ခဲ့သည့် ဦးဆောင်သူများက မည်သည့်ကန့်ကွက်မှုမျှ မပြုခဲ့ကြပါ။
သို့ဖြစ်ရာ နှစ်(၂၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ပြင်ဆင်နေစဉ် “Daai” အမည်ဖြင့် ကျင်းပလိုသူများနှင့် “Dai” အမည်ဖြင့် ကျင်းပလိုသူများ အငြင်းပွားလာသဖြင့် မူလအစပြုခဲ့သည့် အမည်ဖြစ်သော “Daai Christian Fellowship” ကို အမှန်တကယ်အတိုင်း ပြန်လည်အတည်ပြုရခြင်းဖြစ်သည်။ ဤအကြောင်းအရာကို ဒိုင်ရ်လူမျိုးများ အမှန်အတိုင်းနားလည်စေရန် ရှင်းလင်းဖော်ပြလိုက်ခြင်းဖြစ်သည်။
စတင်ခဲ့သောခေါင်းဆောင်များ မလေးရှားမှထွက်ခွါခြင်း
မိဿဟာယသက်တမ်း (၂) နှစ်တင်းတင်းပြည့်လာချိန် စက်တင်ဘာ (၂၄)ရက်၊ ၂၀၀၇-ခုနှစ်တွင် ဝိညာဥ်ရေးတွင် ဦးဆောင်သူ ဆရာမနားချိုင်သည် အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်ရန် ထွက်ခွါသွား တော့မည် ဖြစ်သဖြင့်၊ စက်တင်ဘာလ (၂၂)ရက်၊ ၂၀၀၇-ခုနှစ်တွင် အရေးပေါ်အစည်းအဝေးခေါ်ပြီး၊ ဆရာလိန်းဆောအား သင်းအုပ်တာဝန်ကို လွှဲအပ်ဖို့ အတည်ပြုခဲ့ကြပြီးဖြစ်ပါသည်။ သို့သော်လည်း ဆရာမနားချိုင် အမေရိကန်နိုင်ငံသို့ မထွက်ခွါခင်မှာပင် ဆရာလိန်းဆောသည်လည်း နောက်(၃)ရက် အကြာ၊ စက်တင်ဘာလ (၂၇)ရက်၊ ၂၀၀၇-ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွါရန် ဖြစ်လာပြန်သဖြင့် ဆရာကီးထန်းအား သင်းအုပ်တာဝန်ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ကျွန်ပ်တို့နှင့်အတူ စတင် အလုပ်လုပ်ခဲ့ကြသော ခေါင်းဆောင်များသည်လည်း မကြာခင်အတွင်း တတိယနိုင်ငံသို့ တစ်ဖြေးဖြေး ထွက်ခွါသွားကြပါသည်။ လက်ဆင့်ကမ်း၍ လုပ်ဆောင်လာခဲ့ကြသော ခေါင်းဆောင်များ ကိုလည်း လေးစားဂုဏ်ပြုကြောင်း ဖော်ပြလိုပါ၏။
Fellowship အမည်ပြောင်းလဲခြင်း
ထိုကဲ့သို့ ရပ်တည်ရင်း (၁၀)နှစ်အကြာ၊ ၂၀၁၅-ခုနှစ်တွင် “Daai Christian Fellowship” အမည် နာမမှ “Dai Christian Fellowship” အမည်သို့ ပြောင်းလဲခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့အမည်နာမ ပြောင်းလဲခြင်းအတွက် မည်သူကမျှ ကျွန်ပ်တို့အားတိုင်ပင်ခြင်း ဆွေးနွေးညှိနှိုင်းခြင်း မပြုခဲ့ကြပေ။ ကျွန်ပ်တို့၏ သဘောဆန္ဒမပါရှိခဲ့ကြောင်း သိစေလိုပါသည်။ ဤရှင်းလင်းချက်သည် Daai မှန်သည် Dai မှန်သည်ဟု ပြောဆိုလိုခြင်းထက် အစပြုခဲ့စဉ်က သမိုင်းအဖြစ်မှန်ကိုသိရှိရန်နှင့် ပျောက်ပျက်မသွား စေရန်ဖြစ်သည်။
နှစ်(၂၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ပြင်ဆင်နေစဉ် “Daai Christian Fellowship” အမည်ဖြင့် ကျင်းပလိုသူများနှင့် “Dai Christian Fellowship” အမည်ဖြင့် ကျင်းပလိုသူများ ဟူ၍ နှစ်ဖွဲ့ကွဲပေါ်ပေါက်လာခဲ့သည်။ ဤအခြေအနေကြောင့် လက်ရှိမိဿဟာယ ခေါင်းဆောင်များမှ ဆုံးဖြတ်ချက်ချရန် အခက်အခဲဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် မိဿဟာယဦးဆောင်သူများသည် ယခင်တည်ထောင်စဉ်က ဦးဆောင်ခဲ့သူများ၏ ဆန္ဒကို လာရောက်မေးမြန်းပြီး အကြံဉာဏ်တောင်းခံကာ အတည်ပြုရန် သဘောတူညီခဲ့ကြသည်။
ထိုသို့အကြံဉာဏ်တောင်းခံမှုအရ အမှန်တရားကို ထိန်းသိမ်းခြင်းသည်သာ အကောင်းဆုံးနှင့် အသင့်တော်ဆုံးဟု ယခင်ဦးဆောင်သူများက သုံးသပ်ပြီး၊ “Daai Christian Fellowship” အမည်ဖြင့် နှစ်(၂၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲကို ဇွန်လ (၆-၈) ရက်အတွင်း (၃) ရက်ကျင်းပရန် အကြံပေးခဲ့ ကြသည်။ လက်ရှိ မလေးရှား “Daai Christian Fellowship” ခေါင်းဆောင်များကလည်း ဤအကြံပြု ချက်ကို သဘောတူလက်ခံခဲ့ကြပါသည်။
ထို့နောက် “Daai Christian Fellowship” ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တရားဝင်ကြော်ငြာစာ (Flyer) တင်လိုက်ရာ၊ စတင်တည်ထောင်ချိန်က ဦးဆောင်သူများအား အမျိုးမျိုးဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်လာသည်ကို လူအများတွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
ကောလဟာရစကား
Daai Christian Fellowship ကို KL တွင် မစတင်မီကတည်းကပင် Dai Christian Fellowship သည်ရှိနေပြီ၊ စနေပြီဖြစ်ကြောင်း ကောလဟာရ မသေချာမရေရာသော တွေဝေသွေးခွဲစကားများ ကြားသိနေရပါသည်။ အထက်တွင်ဖော်ပြခဲ့ပြီးသည်အတိုင်း Daai Christian Fellowship ကို တရားဝင် စတင်ချိန်တွင် fellowship ၏အဓိက ရည်ရွယ်ချက် နှင့် ရည်မှန်းချက် ဖြင့်စတင်ခဲ့ကြသည်။ အချိန်ကာလမှာ ဇွန်လ၊ ၂၆ ၊ ၂၀၀၅ ခုနှစ်၊ Kuala Lumpur တွင်ဖြစ်သည်။
Daai Christian Fellowship, Malaysia အစမပြုခင်အချိန်
၂၀၀၃-၂၀၀၄ ခုနှစ်များတွင် မလေးရှားနိုင်ငံ၊ ကင်မရွန်းဟိုက်လန်းရှိ ၄၉ မိုင်စိုက်ပျိုးရေး ဧရိယာတွင် “Dai Christian Youth Fellowship” အမည်ဖြင့်လည်းကောင်း၊ ၂၀၀၄ ခုနှစ်၊ Tringkap ဖက်တွင် ဒိုင်ရ်အဖွဲ့မှ၎င်း ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့ကြ ကြောင်း ယခုနောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။
ထိုကဲ့သို့ နေရာအသီးသီးတွင် ကျင်းပကြခြင်းသည် ဒိုင်ရ်လူမျိုးများ လက်လှမ်းမှီရာ စုစည်းပြီး နေရာအသီးသီးတွင် ကျင်းပခဲ့ကြခြင်းသာဖြစ်ပြီး ဒိုင်ရ်ခရစ်ယာန် မိဿဟာယ၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ကြခြင်းများ မဟုတ်ပါ။
ဤသို့ပြုလုပ်သည့်အရာများသည် တရားဝင်ဖွဲ့စည်းခြင်းမဟုတ်ဘဲ လိုအပ်ချက်အရ ခေတ္တခဏ လုပ်ဆောင်သည့် ခရစ္စမတ်ပွဲကျင်းပကာ၊ ဝတ်ပြုအစည်းအဝေးပြုလုပ်ကြခြင်းဟု နားလည်ရပါသည်။ မည်သို့ပင်ဖြစ်စေ တိုင်းတစ်ပါးတွင် ဒိုင်လူမျိုးများစုစည်းပြီး အတူတကွလုပ်ဆောင်နိုင်ခြင်းများအတွက် များစွာဂုဏ်ယူ ဝမ်းမြောက်လျက်ရှိပါသည်။
အသိပေးမေတ္တာရပ်ခံခြင်း
ဤသို့ရှင်းလင်းရခြင်းမှာ မလေးရှားနိုင်ငံရှိ “ဒိုင်ရ်ခရစ်ယာန်မိဿဟာယ” ၏ စတင်ပေါ်ပေါက်လာ မှု၏ သမိုင်းအမှန်ကို ပြည်သူများ သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ လူအများ ပြောဆိုနေသည့် ကိစ္စရပ်များ ကို အဖြစ်မှန်အတိုင်း ရှင်းလင်းပြသရန် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု ယူဆသဖြင့် ဤရေးသား တင်ပြရခြင်း ဖြစ်ပါသည်။
ရိုးသားစွာ ဝန်ခံရလျှင်၊ ဤရှင်းလင်းချက်သည် နာမည်ကောင်းရလို၍ သို့မဟုတ် “အစပြုသူ” ဟူသော ဂုဏ်ပုဒ်ကို လိုချင်၍ မဟုတ်ပါ။ “Daai” သာမှန်ကန်သည်ဟု ဖိအားပေးပြောဆိုလို၍လည်း လုံးဝမဟုတ်ကြောင်း သစ္စာပြုပါသည်။ ကျွန်ုပ်တို့၏ နေ့စဉ်မှတ်တမ်းများထဲမှ ဖြစ်ရပ်မှန်နှင့် သမိုင်းအမှန်ကို ချပြရန်သာ ရည်ရွယ်ပါသည်။
အွန်လိုင်းပေါ်တွင် ရိုင်းစိုင်းစွာ ပြောဆိုစော်ကားမှုများ၊ မဟုတ်မမှန် အပြစ်တင်ဝေဖန်မှုများနှင့် မဆင်မခြင်ရေးသားဖော်ပြမှုများကို နေ့စဉ်မြင်နေရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် အတ္တစိတ်ဖြင့် မဟုတ်ဘဲ၊ ဒိုင်ရ်လူမျိုးအားလုံးအတွက် အနစ်နာခံ၍ လုပ်ဆောင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ မည်သူ၏ ညွှန်ကြားမှုဖြင့်မျှ စတင်လုပ်ဆောင်ခဲ့ခြင်းမဟုတ်သည့်အတိုင်း၊ မည်သူကမျှ အသိအမှတ်မပြုသည့်တိုင် ကျွန်ုပ်တို့ ကျေနပ်ကြမည်ဖြစ်သည်။ ဝေဖန်ပစ်ပယ်မှုများရှိနေသော်လည်း ဗွေမယူဟု သန္နိဋ္ဌာန်ချပါသည်။ ကျွန်ုပ်တို့၏ စေတနာစိတ်အမှန်ကို ဘုရားသခင်သာလျှင် သိရှိမည်ဟု ယုံကြည်ပါသည်။
မေးစရာမေးခွန်း။ ဒိုင်ရ်ခရယာန်မိဿဟာယ တစ်နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း အစီစဉ်တွင်လည်းကောင်း၊ နှစ်ပြည့်ချီးမွမ်းခြင်းအစီစဉ်များတွင်လည်းကောင်း အစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း မည်သူတစ်စုံတစ်ဦးကမျှ ပြောဆိုမေးမြန်း ခြင်းမရှိခဲ့ပါ။ ယခု နှစ် (၂၀) ပြည့်ချီးမွမ်းခြင်းကျမှ အဘယ်ကြောင့် မည်သူက၊ ဘာကြောင့် ဤသို့မွှေနှောက်နေသည်ကို ကျွန်ပ်တို့မသိပါ။
ဆုတောင်းတစ်ခု
ဒိုင်ရ်လူမျိုးများသည် မိမိအတ္တကို ရှေ့တန်းမတင်ဘဲ၊ ရိုင်းစိုင်းစော်ကားမှုများထက် အပြုသဘောဆောင်သော ပြောဆိုမှုများနှင့် လိမ္မာယဉ်ကျေးသော၊ ဘုရားသားပီသသော လူမျိုးနွယ်စုအဖြစ် ရပ်တည်နိုင်ကြရန် ဆုတောင်းပါသည်။
ဒိုင်ရ်လူမျိုးများအားလုံး စိတ်တူကိုယ်တည်း ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ ကောင်း ကြီးမင်္ဂလာများကို ခံစားနိုင်ရန် လူမျိုးကြီးစိတ်ဖြင့် ဆက်လက်ချီတက်သွားကြရန် ဆုတောင်းပါသည်။ ဤရေးသားချက်သည် မလေးရှားနိုင်ငံ “Daai Christian Fellowship” ၏ စတင်ဖြစ်ပေါ်လာခြင်း၏ သမိုင်းဖြစ်ရပ်မှန်၏ တစ်စေ့တစ်စောင်းမျှသာ ဖြစ်ပါသည်။ လိုအပ်ချက်အရ ရေးသားဖော်ပြရခြင်း ဖြစ်ပြီး၊ ဖြစ်ပေါ်လာပုံအသေးစိတ်ကို အများပြည်သူနှင့် နောင်လာနောက်သားများ ဖတ်ရှုသိရှိနိုင်ရန် ဆက်လက်ရေးသားပြုစုလျက်ရှိပါသည်။
မှတ်ချက်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုသည် နာမည်ဂုဏ်ပုဒ်ရယူရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း ရိုးသားစွာ ဝန်ခံခဲ့ပြီးဖြစ်ပါသည်။ မလေးရှား ဒိုင်ရ်ခရစ်ယာန်မိဿဟာယကို ကျွန်ုပ်တို့ကသာ စတင်ခဲ့သည်ဟု မဟုတ်မမှန် အတင်းအဓမ္မပြောဆိုရန် လုံးဝမရည်ရွယ်ပါ။ ဤသည်မှာ အမှန်တရားကို ရှင်းလင်းစွာ ဖော်ပြရုံသာဖြစ်သည်။ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဟုတ်မဟုတ်ကို ပြည်သူများကသာ ဆုံးဖြတ်စေလိုပါသည်။ ထပ်လောင်းပြောကြားပါမည်။ ဤကိစ္စသည် AA & A ကိစ္စနှင့် လုံးဝမသက်ဆိုင်ပါ။
အမှု့တော်ဆောင်များ –
Daai Christian Fellowship ၏ အမှုတော်ဆောင်များ (၂၀၀၅-၂၀၂၅)
1. Pastor Manar Chai – ညီအစ်ကိုများအသင်းတော် – (၂၀၀၅-၂၀၀၇)
2. Pastor Kee Thang – တမန်တော်များယုံကြည်ခြင်းအသင်းတော် – (၂၀၀၇-၂၀၁၀)
3. Pastor Ling Paing Thang – သတင်းကောင်းနှစ်ခြင်းအသင်းတော် – (၂၀၁၀)
4. Pastor Ling Song – သတင်းကောင်းနှစ်ခြင်းအသင်းတော် – (၂၀၁၀-၂၀၁၁)
5. Pastor Thang Ki Lain – နှစ်ခြင်းအသင်းတော် – (၂၀၁၁-၂၀၁၄)
6. Pastor Bang Xung – မက်ဒသစ်အသင်းတော် – (၂၀၁၄-၂၀၁၆)
7. Pastor Ning Ling – မြန်မာနိုင်ငံဧဝံဂေလိအသင်းတော် (၂၀၁၆-၂၀၁၈)
8. Pastor David Awm – ဖရက်စ်ပက်တီရီယာန် အသင်းတော် – (၂၀၁၈-၂၀၂၂)
9. Pastor Ning Ling – မြန်မာနိုင်ငံဧဝံဂေလိအသင်းတော် (လက်ရှိ) -၂၀၂၂-၂၀၂၅)
မေတ္တာရပ်ခံခြင်း။ ဤဖော်ပြချက်သည် စာပေကိစ္စလုံး၀မဟုတ်သောကြောင့် စာပေနှင့်ဆိုင်ပြီး အငြင်းပွားဖွယ် comment များ၊ ရိုင်းစိုင်းသော အရေးအသားများအား မပြုကြရန်၊ လူမျိုးကြီးစိတ်ဓါတ်ဖြင့် အပြုသဘောဆောင်သော ဆွေးနွေးမှု့များဖြင့်သာ ပြုလုပ်ကြရန်မေတ္တာ ရပ်ခံအပ်ပါသည်။

သမိုင်းမှန်ကို တင်ပြသူများ။
၁။ ဆရာမနားချိုင် – (သင်းအုပ်ဆရာ – ဟောင်း)
၂။ ဆရာလိန်းဆော – (အတွင်းရေးမှူး – ဟောင်း)
မလေးရှား ဒိုင်ရ်ခရစ်များနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းစွာသိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Leave a comment