Jeremy Hoipang Facebook မှကူးယူဖော်ပြခြင်း

ဒိုင်ရ် (Daai) ချင်း အုပ်စုခွဲများနှင့် စကားပြော မျိုးကွဲများ၊ ဒေသိယစကား ကွဲပြားမှုများအရ ဒိုင်ရ် (Daai) လူမျိုးကို အကြမ်းဖျင်းအားဖြင့် အစုအဖွဲ့ မျိုးအုပ်စု ခုနစ် (၇) ခု ခွဲခြားနိုင်သည်။

၁။ မှိုးရဲ (Nghmoye) မျိုးစု။
မှိုးရဲ (Nghmoye) တို့သည် မုန်းမြစ် (Nghmolong) အရှေ့ဘက်ခြမ်းရှိ ရွာငယ် (၄၂) ရွာတွင် နေထိုင်ကြသည်။ သူတို့၏ လူဦးရေက ရှစ်ထောင် (၈၀၀၀) ခန့် ရှိသည်။

၂။ နှီးလို (Nghnilo) မျိုးစု။
နှီးလို (Nghnilo) မျိုးအုပ်စုသည် ဒိုင်ရ် (Daai) ချင်း နယ်မြေ၏၏ အလယ်ဗဟိုရှိ လူများကို အိမ်နီးချင်း အစုအဖွဲ့များက ခေါ်သော အမည်ဖြစ်သည်။ ဤအဖွဲ့များတွင် ၎င်းတို့၏ မျိုးနွယ်စုများ အမည်ဖြင့် ခေါ်ဆိုသော အုပ်စုခွဲများစွာ ပါဝင်သည်။ ရွာပေါင်း (၃၀) တွင် နေထိုင်ကြပြီး လူဦးရေ တစ်သောင်း (၁၀၀၀၀) ခန့် ရှိသည်။ ကျွန်ုပ်၏ ဒိုင်ရ် (Daai) ချင်း သုတေသနပြု ခွဲခြမ်းစိတ်ဖြာမှုသည် ၎င်းတို့ကို ၎င်းတို့ ရန်း (Yang) ဟုခေါ်သော နှီးလို (Nghnilo) လူမျိုးများ၏ အစုအဖွဲ့ခွဲအပေါ် အခြေခံထားသည်။

၃။ မကွီ (Mkuui) မျိုးစု။
မကွီ (Mkuui) လူမျိုးစုများသည် လူဦးရေ သုံးထောင် (၃၀၀၀) ခန့်သာ ရှိသော်လည်း ၎င်းတို့သည် ဩဇာကြီးမားသော မျိုးအုပ်စု ဖြစ်ကြသည်။ သူတို့သည် ဂုဏ်သိက္ခာရှိသော ရွာကြီး မကွီအိမ်နူး (Mkuui Imnu) အနီးတစ်ဝိုက် ရွာ (၁၀) ရွာတွင် နေထိုင်ကြသည်။

၄။ ဟန်း (Ngxang) မျိုးစု။
ဟန်း (Ngxang) မျိုးအုပ်စုတို့သည် ပလက်ဝမြို့နယ် အတွင်းရှိ ရွာငယ် (၄၅) ရွာတွင် နေထိုင်ကြပြီး လူဦးရေ ခုနစ်ထောင်မှ ရှစ်ထောင် (၇၀၀၀ – ၈၀၀၀) ခန့်ရှိသည်။ ၎င်းတို့သည် အခြားအုပ်စုခွဲ အများစုထက် ပိုမိုကြီးမားသော နယ်မြေဧရိယာပေါ်တွင် ဖြန့်ကျက် နေထိုင်ကြသည်။

၅။ ဒုတ်-မစန် (Kduk-Msang) မျိုးစု။
ဒုတ် (Kduk) နှင့် မစန် (Msang) မျိုးအုပ်စုတို့သည် ဒေသိယစကား အနည်းငယ်သာ ကွဲပြားသည်။ ၎င်းတို့သည် မကွီအိမ်နူး (Mkuui Imnu) ရွာကြီး၏ အရှေ့မြောက်ဘက်ရှိ ရွာကြီး ဆယ်ရွာ (၁၀ ရွာ) ခန့်တွင် နေထိုင်ကြပြီး လူဦးရေ ခြောက်ထောင်မှ ခုနစ်ထောင် (၆၀၀၀ – ၇၀၀၀) ခန့် ရှိသည်။ ၎င်း ဒုတ်-မစန် (Kduk-Msang) တို့၏ ဒေသိယစကားသည် ဂုဏ်သိက္ခာကြီးမားသည်ဟု မှတ်ယူကြပြီး အချို့သော ဝေါဟာရများမှာ ရန်း (Yang) နှင့် မှိုးရဲ (Nghmoye) သုံးသော ဝေါဟာရနှင့် အနည်းငယ် ကွဲပြားပါသည်။ အကြောင်းရင်းမှာ ဒုတ်-မစန် (Kduk-Msang) တို့ကို ၎င်းတို့၏ အိမ်နီးနားချင်း မွင်း (Müün) ချင်းတို့၏ သြဇာလွှမ်းမိုးမှု အားကောင်းသောကြောင့် ၎င်းတို့သုံးသော ဝေါဟာရနှင့် အနည်းငယ် ကွာခြားပါသည်။

၆။ ခဲန် (Kheng) မျိုးစု။
ဤ ခဲန် (Kheng) မျိုးအုပ်စုများသည် ဒုတ်-မစန် (Kduk-Msang) အုပ်စုတို့၏ အရှေ့မြောက်ဘက်ရှိ ရွာ ခုနစ်ရွာ (၇ ရွာ) တွင် နေထိုင်ကြသည်။ ၎င်းတို့၏ လူဦးရေမှာ လေးထောင် (၄၀၀၀) ခန့် ရှိသည်။ ခဲန် (Kheng) မျိုးအုပ်စု ဒေသိစကားသည် ဒုတ်-မစန် (Kduk-Msang) ဒေသိယစကားနှင့် အနည်းငယ် ကွဲပြားသည်။

၇။ မတူပီ ဒိုင်ရ် (Matupi Daai) မျိုးစု။
ဤ မတူပီ ဒိုင်ရ် (Matupi Daai) မျိုးအုပ်စုမှာ စာရေးသူအဖို့ အသိနည်းသော အုပ်စုခွဲ ဖြစ်သည်။ မတူပီ ဒိုင်ရ် ( Matupi Daai) မျိုးအုပ်စုတွင် အနည်းဆုံး အုပ်စုခွဲ နှစ်ခု ရှိနေပြီး တစ်ခုမှာ ရှီးပ် (Shiip) နှင့် အခြား တစ်ခုမှာ မားတူ ဒိုင်ရ် (Maatu Daai) ဟူ၍ ရှိပုံရသည်။ ရှီးပ် (Shiip) လူမျိုးများက သူတို့ကိုယ်သူတို့ ဒိုင်ရ် (Daai) ဟု ခေါ်ကြသော်လည်း ကျန်သောအခြား ဒိုင်ရ် (Daai) များက ၎င်းတို့၏ ဘာသာစကားကို အလွယ်တကူ နားမလည်နိုင်ကြပါ။ ၎င်းတို့သည် ဒိုင်ရ် ချင်း (Daai Chin) နယ်မြေ၏ အနောက်မြောက်ဘက် ထောင့်ရှိ ရွာပေါင်း (၁၈) ရွာတွင် နေထိုင်ကြပြီး လူဦးရေမှာ ခုနစ်ထောင် (၇၀၀၀) ခန့် ရှိသည်။

၈။ မှတ်ချက်။ ။ဒေါက်တာ ဟယ်လ်ဂါ ရှို-ဟာတ်မန်း (Dr. Helga Sho-Hartmann) ၏ “ဒိုင်ရ် ချင်း သဒ္ဒါ ဖော်ထုတ်ခြင်း” (A Descriptive Grammar of Daai Chin) စာအုပ် စာမျက်နှာ ၂၆ နှင့် ၂၇ မှ ဘာသာပြန်ပါသည်။




Discover more from Daailand Media

Subscribe to get the latest posts sent to your email.

Leave a comment

Daai Land Media : လှိုက်လှဲနွေးထွေးစွာကြိုဆိုပါတယ်။ Daai လူမျိုးများရဲ့ အကြောင်း တစ်စေ့တစ်စောင်းကို ဒီနေရာကနေ ဖော်ပြပေးမှာဖြစ်လို့ ကြိုဆိုပါတယ်။

Let’s connect

Discover more from Daailand Media

Subscribe now to keep reading and get access to the full archive.

Continue reading